သာသနာအသက်ပညတ်ချက် ဝိနည်းပိဋက
“ဘန္တေ မဟာကဿပ ‘ဝိနယော နာမဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ’၊ တသ္မာ ပဌမံ ဝိနယံ သင်္ဂါယာမ”။ “အသျှင်မဟာ ကဿပ ‘ဝိနည်း မည်သည်ကား သာသနာတော်၏ အသက်ပါတည်း၊ ဝိနည်းတည်သည်ရှိသော် သာသနာတော်တည်သည်မည်ပါ၏’။ ထို့ကြောင့်ဝိနည်းကို ရှေးဦးစွာ သံဂါယနာတင်ကြပါကုန်အံ့”

အထက်ပါစကားရပ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသည့်နောက် ၃-လကျော်အချိန် ပဌမ သံဂါယနာ တင်အံ့သောအခါဝယ် “ငါ့ရှင်တို့ အဘယ်ပိဋကကို ရှေးဦးစွာ သံဂါယနာ တင်ကြကုန်အံ့နည်း၊ သုတ် အဘိဓမ္မာကိုပင် ရှေးဦးစွာ သံဂါယနာ တင်ကုန်အံ့လော ၊ ဝိနည်းကိုပင် ရှေးဦးစွာ သံဂါယနာ တင်ကြကုန်အံ့လော” ဟု ပဌမ သံဂါယနာ သံဃနာယက အသျှင်မဟာ ကဿပ မထေရ်မြတ်ကမေးတော်မူရာ၌ ဝိနည်းပိဋကကို ရှေးဦးစွာ သံဂါယနာ တင်တင့်ကြောင်း သံဃာတော်များက လျှေက်ထားသော စကားရပ်ပင် ဖြစ်ပေသည်။

ထိုအကျိုးကြောင်းပြ၍ လျှေက်ထားသော စကားရပ်အတိုင်းပင် ပဌမ သံဂါယနာမှစ၍ သံဂါယနာအဆက်ဆက်၌ သာသနာတော်၏ အသက်ဖြစ်သော ဝိနည်းပိဋကတော်ကို အဦးအစထား၍ သံဂါယနာ တင်ခဲ့ကြပေသည်။ ဝိနည်းတရားတော်သည် ကာယကံမှု ဝစီကံမှုတို့ကို ယဉ်ကျေးသိမ်မွေ့စေ၍ ကာယဒွါရ ဝစီဒွါရ၌ဖြစ်လတံ္တ့သော အပြစ်တို့ကို ပိတ်ဆို့တားဆီးတတ်သည့် ဘုရားဥပဒေတော်ကြီးပင်ဖြစ်ပေရာ အဦးအစထား၍ သံဂါယနာတင်ရလောက်အောင်လည်း အရေးကြီးလှပါပေသည်။

အဓိသီလတရားများဖြစ်သော ဝိနည်းတရားတော်သည် ဟိရီ၊ ဩတ္တပ္ပဟူသော လောကပါလတရားများကို မြဲမြံခိုင်ခံ့ အရှည်တည်တံ့စေလျက် ကောင်းမွန်စွာ ကျင့်သုံးတော်မူကြကုန်သော ရဟန်းတော်တို့အား သီလ၏ပြည့်စုံခြင်းကို အမှီပြု၍ ဝိဇ္ဇာသုံးပါးတရားသို့ရောက်ကာ နိဗ္ဗာန်ပေါက် ပို့ပေးနိုင်သည်ကို ထောက်၍ သာသနာတော်တွင် မည်မျှအရေးကြီးကြောင်း သိသာနိုင်ပေသည်။ ဝိနည်းပိဋကကို အာဏာထားခြင်းငှာထိုက်သော မြတ်စွာဘုရားသည် များသောအားဖြင့် အာဏာတော်ကို ပဓာဏထား၍ဟောတော်မူအပ်သောကြောင့် “အာဏာဒေသနာ” ဟူ၍၎င်း၊ ကာယဒွါရ ဝစီဒွါရတို့ဖြင့် လွန်ကျူးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သော သေးငယ်သောစောင့်စည်းခြင်း ကြီးသောစောင့်စည်းခြင်း ကိုဟောရာဖြစ်သောကြောင့် “သံဝရာသံဝရကထာ” ဟူ၍၎င်းမှည့်ခေါ်ထားရလေသည်။

ထိုဝိနည်းပိဋကတော်သည် သံဂါယနာ တင်သောအစဉ်အားဖြင့် —
၁။ ဘိက္ခုဝိဘင်္ဂ [ဘိက္ခု =ရဟန်း + ၀ိဘင်္ဂ = အကျယ်ဝေဖန်။]
ရဟန်းယောက်ျားများနှင့်ဆိုင်သော သိက္ခာပုဒ်ကို အကျယ်ဝေဖန်ပြရာအပိုင်း ။
၂။ ဘိက္ခုနီဝိဘင်္ဂ [ဘိက္ခုနီ =ရဟန်းမိန်းမ + ၀ိဘင်္ဂ = အကျယ်ဝေဖန်။]
ရဟန်းမိန်းမများနှင့်ဆိုင်သော သိက္ခာပုဒ်ကို အကျယ်ဝေဖန်ပြရာအပိုင်း ။
၃။ မဟာဝဂ္ဂ [မဟာ = ကြီးကျယ်သော + ဝဂ္ဂ = အပေါင်းအစု။]
မဟာခန္ဓက၊ ဥပေါသထက္ခန္ဓက စသောကြီးကျယ်ရှည်လျားသော အကြောင်းအရာများကို ဖော်ပြသောအပိုင်း ။
၎။ စူဠဝဂ္ဂ [စူဠ = ငယ်သော + ဝဂ္ဂ = အပေါင်းအစု။ ]
ကမ္မခန္ဓက၊ ပါရိဝါသိကက္ခန္ဓက စသောငယ်သော၊ ဝါ-တိုသော အကြောင်းအရာများကို ဖော်ပြသောအပိုင်း ။
၅။ ပရိဝါရ [ပရိဝါရ = အခြံအရံ။]
ဝိနည်းဆိုင်ရာ အကြွင်းအကျန် ဆိုဖွယ်မရှိစေရန် အခြံအရံသဖွယ် သိမ်းကျုံးဖွင့်ပြရာအပိုင်း။
ဟူ၍ ၅-ပိုင်းရှိလေသည်။
၎င်း ငါးပိုင်းကို ကျမ်းစာအားဖြင့် ခွဲဝေလိုက်သော်
၁။ ပါရာဇိကပါဠိ (သာသနာတော် မှ ဆုံးရှုံးခြင်းသို့ ရောက်စေနိုင်သောအကြီးဆုံးအပြစ်)
၂။ ပါစိတ္တိယ ပါဠိ (ကုသိုလ်စိတ်ကို လျေကျစေတတ်သောအပြစ်)
၃။ မဟာဝဂ္ဂပါဠိ ( မဟာဝဂ္ဂပါဠိတော်)
၎။ စူဠဝဂ္ဂပါဠိ (စူဠဝဂ္ဂပါဠိတော်)
၅။ ပရိဝါရပါဠိ (ပရိဝါရပါဠိတော်)
ဟူ၍ ၅-ကျမ်းဖြစ်လာလေသည်။
အထူးမှတ်သားသင့်သည်ကား… ရဟန်းယောက်ျား‘ဘိက္ခု’ တို့ကျင့်အပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်တို့နှင့် ရဟန်းမိန်းမ‘ဘိက္ခုနီ’ တို့ကျင့်အပ်သော ၃၀၄-ပါးသော သိက္ခာပုဒ်တို့ကို ပါရာဇိကပါဠိ နှင့် ပါစိတ္တိယပါဠိကျမ်းနှစ်ကျမ်းဖြင့် အပြည့်အစုံဖော်ပြကာ ကျန်သောသုံးကျမ်းဖြင့် ဝိနည်းဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို စုံလင်စွာဖော်ပြထားခဲ့သည်ဟူသော အချက်ပင်ဖြစ်လေသည်။ အဆိုပါဝိနည်းကျမ်းများကို အောက်ဖော်ပြပါလင့်ခ်များမှ လေ့လာမှတ်သားကြည်ညိုပူဇော်တော်မူကြပါကုန်…
ဝိနည်းပိဋက (မြန်မာပြန်)
(က) ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်
(ခ) ပါစိတ် ပါဠိတော် မြန်မာပြန် – ဘိက္ခုပါစိတ်
(ဂ) ပါစိတ် ပါဠိတော် မြန်မာပြန် – ဘိက္ခုနီဝိဘင်း
(ဃ) မဟာဝဂ် ပါဠိတော် မြန်မာပြန်
(င) စူဠ၀ဂ် ပါဠိတော် မြန်မာပြန်
(စ) ပရိဝါရ ပါဠိတော် မြန်မာပြန်