ပထမအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲ
ဒုတိယအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲ
တတိယအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲ
စတုတ္ထအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲ
ပဉ္စမအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားကိုးကွယ် ပူဇော်ပွဲ

သဲလှိုဏ်ဂူနှင့် ဘုရားရုပ်ပွားတော် ပြုလုပ်မှုအကျိုး

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ဝယ် တဏှင်္ကရာ ဘုရားပွင့်တော်မူသည်။ ဟံသာဝတီပြည်တွင် ဆင်းရဲသားတစ်ယောက်သည် သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍ –

“သြော်….ငါသည် ရှေးဘ၀က ပြုခဲ့သော ကုသိုလ်ကံမရှိ၍ ဆင်းရဲလှသည်။ ယခုမှစ၍ ကုသိုလ်တရားကို ရသရွှေ့အားထုတ်သင့်သည် ”
ဟု ကြံစည်၍ နံနက်စောစော ထမင်းစားပြီးနောက် ဂင်္ဂါမြစ်နားသို့ သွားလေသည်။ ဂင်္ဂါမြစ် သဲသောင်ပြင်တွင် သဲကို ညွှန်နှင့်ရောပြီး ဘုရားလိုဏ် လေးမျက်နှာပြုသည်။ အတွင်းတွင် ပလ္လင်ပြုသည်။ ပလ္လင်ထက်ဝယ် ဆင်းတု တော်ကို ပြုသည်။ ထိုဘုရားပလ္လင်နှင့် ဆင်းတုတော်ကို ၊ လိုဏ်ဂူတို့ကို မြင်ရသော် အလွန် ၀မ်းမြောက် ၀မ်းသာ ဖြစ်သည်ဖြစ်၍ တောပန်းတို့ကို ယူကာ မိမိ ဘုရားတွင် ပူဇော်လေသည်။

ထို့နောက် –

“ ထိုသို့ ဘုရားဆင်းတုနှင့် တကွ ဘုရားကျောင်းကို ပြုရသော အကျိုးအားဖြင့် ဘ၀ ဆက်တိုင်း ဖြစ်လေရာ သံသရာတွင် ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ရပါလို၏ ဆင်းရဲမှုကို မတွေ့လိုရပါ။ နောက်လာမည့်ဘုရားရှင်တို့ရွှေလက်ထက်တွင် ရဟန္တာဆု နှင့် ပြည့် စုံရပါလို၏ ”
ဟုဆုတောင်းလေသည်။ ထိုဆင်းရဲသားသည် အသက်ထက်ဆုံး နေပြီးသော် နတ်ပြည်ဝယ် ရွှေဗိမာန်နှင့် ခံစားရ သည်။

  • နတ်ပြည်မှ စုတေသော် ဗြဟ္မာ ပြည်တွင် ဖြစ်ရပြန်သည်။
  • ဗြဟ္မာပြည်မှ စုတေသော် လူပြည့်တွင် စကြ၀တေးမင်းပင်ဖြစ်ရသည်။
  • စကြ၀တေးမင်းအဖြစ်သည် ၇၈- ကြိမ် ရှိခဲ့သည်။
  • ဧကရာဇ် ၊ပဒေသရာဇ် အဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရသည်။
  • အပါယ်တံခါးပိတ်ခဲ့ရသည်။
  • ယခု ဂေါတမဘုရားရှင်လက်ထက်ဝယ် ဃောသက သူဌေး၏ သားဖြစ်ပြီး ဘုရားထံတွင် ရဟန်းပြုကာ ရဟန္တာ ဖြစ်သွားခဲ့ရသည်။

သဲပုံစေတီအကြောင်းသိကောင်းစရာ

ရှေးဘုရားရှင်တို့၏ အထံတော်တွင် တောင်းအပ်ပြီးသောဆုတောင်းခြင်းရှိသော အရှင် သကစိန္တနိယ ထေရ်အလောင်းသည် ၉၁- ကမ္ဘာအထက်က ပွင့်တော်မူသော ၀ိပဿီ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီးမှာ ရသေ့ရဟန်းပြု၍ ဟိမ၀န္တာတောတွင်နေစဉ် စိတ်ငြိမ်၍ မွေ့လျော်ဖွယ်ရှိသော တစ်ခုသောတောသို့အရောက်တွင် သဲများကို ၀ါးခြမ်း စိတ်တို့ဖြင့် အဆင့်ဆင့်ပြု၍ သဲပုံစေတီတည်ပြီးလျှင် သက်တော်ထင်ရှား မြတ်စွာ ဘုရား၏ မျက်မှောက်ကဲ့သို့ ထိုမိမိတည်ထားအပ်သော သဲပုံစေတီကို အလွန်ရိုသေစွာ ရှိခိုးလျက် အမျိုးမျိုးသော တောပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခြင်းအမှုကိုပြု၏ ။ထိုကောင်းမှုကြောင့် သံသရာဘ၀ကျင်လည်ရာတွင် အပယ်လေးပါးသို့ မလား မရောက်ရခြင်း ၊ လူ့ပြည် နတ်ပြည်တို့တွင်သာ ကျင်လည်ရခြင်း လေးကျွန်း သေဌ်နင်း စကြ၀တေးမင်းဖြစ်ရခြင်း ဂေါတမဘုရားရှင်လက်ထက်တွင်ပဋိသမ္ဘိဒါလေးပါး ၀ိမောက္ခ ရှစ်ပါး အဘိညာဉ်ခြောက်ပါးတို့နှင့် ပြည့်စုံသော ရဟန္တာ ဖြစ်ရခြင်းဟူသော အကျိုးများ ကို ခံစားရကြောင်း ( အပဒါန်ပါ-၁၂၄ ၊၄င်း ဋ္ဌ၊ ဒု-၈၇ တို့တွင်)မိန့်ဟဖွင့်ပြတော်မူ ပါသည်။

အထက်ပါဝတ္ထုကိုထောက်သော်

  • သဲပုံစေတီသည် ၉၁-ကမ္ဘာထက်က စခဲ့သည်ဟု မှတ်ယူရပါမည်။
  • တပေါင်းလတွင်သာ သဲပုံစေတီတည်ကောင်းသည်မဟုတ်ပါ။ (သဲပုံစေတီ တည်ကြသည်မှာ အများ အားဖြင့် ကျေးလက်တောရွာများတွင် သာ ပြုလုပ်လေ့ရှိကြ ပါသည်) ကျးလက်နေတောင်သူဦးကြီးများသည် တပေါင်းလတွင် အလုပ်ကိစ္စနည်း ပါး သောကြောင့်လည်းကောင်း ၊ ရွှေတိဂုံ မန်းစက်တော်ရာ စသော တန်ခိုးကြီး ဘုရားပွဲ တော်များသည်လည်း တပေါင်းလတွင်သာ ကျင်းပကြသည်ကိုလည်းကောင်း ၊ ဘုရားရှင်အား ကပိလ၀တ်ပြည်သို့ ကြွလာပါရန် ဖွားဘက်တော် ကာဠုဒါယီ ပင့် လျောက် စဉ်က ခရီးလမ်းပန်းသာယာသည့်တပေါင်းလမှ ကြွလာသည်ကိုလည်းကောင်း ထောက်ထားပြီး တပေါင်းလတွင်သာ သဲပုံစေတီ တည်ထားကိုးကွယ်မှုကို ပြုနေခြင်းဖြစ်သည် ဟူ၍သာမှတ်ယူရပါမည်။
  • အပါယ်လေးပါးသို့ မလားရခြင်း၊ လူ့ပြည် နတ်ပြည်တို့တွင်သာ ကျင်လည်ရခြင်း စကြ၀တေးမင်းဖြစ်ရခြင်း ရဟန္တာဖြစ်ရခြင်း အကျိုးများကို ခံစားရပါသည်။

 


ရေးသားပူဇော်သူ
ဦးအံ့ထူးနိုင်
အဘိဓမ္မာအသင်းကြီး